ဆိုကရေးတီး ( Socrates ) စကားအချို့
#ဆိုကရေးတီး ( Socrates )
ဂရိတွေးခေါ်ရှင်ကြီး ဆိုကရေးတီးကို လမ်းတွင် ဖြတ်သွားသူတစ်ဦးက မေးသည်။
"မြို့ကို ရောက်ဖို့ ဘယ်လောက်ကြာကြာ သွားရမလဲခင်ဗျာ"
"သွားသာသွားပါ"ဟု ဆိုကရေးတီးက ပြန်ဖြေသည်။ ထိုလူ ဆက်သွား၍ ခြေလှမ်းနှစ်ဆယ်လောက်ရောက်တော့ ဆိုကရေးတီးက နောက်မှ လှမ်းအော်သည်။
"နာရီနှစ်ဆယ် ကြာမယ်"
ခရီးသည် စိတ်တိုသွားသည်။
"ကျုပ်ကို စောစောကတော့ ဘာလို့ မပြောတာလဲ"
သည်တော့ ဆိုကရေးတီးက "ဘယ်လောက်မြန်မြန် ခင်ဗျားလျှောက်မလဲဆိုတာ ကျုပ်မှ မသိဘဲ" တဲ့။
*******
"ဘယ်အချိန်မှာ အစားစားဖို့ အကောင်းဆုံးလဲ"ဟု ဆိုကရေးတီးကို မေးသည်။
"ချမ်းသာတဲ့သူတွေ ဆာတဲ့အခါ စားပါစေ။ ဆင်းရဲတဲ့သူတွေကတော့ အစာကို ရှာလို့ရတဲ့အခါမှာ စားပါစေပေါ့ဗျာ" တဲ့။
*******
တရားရုံးက ဆိုကရေးတီးကို သေဒဏ်ချမှတ်လိုက်ရာ သူ၏ မိတ်ဆွေတစ်ဦးက အကောင်းစား မိုးကာတစ်ထည်ကို ဆိုကရေးတီးအား ပေးသည်။ အမြင်ကောင်းစေလို၍ ပေးခြင်း ဖြစ်၏။ သို့သော် ဆိုကရေးတီးက မယူ။
"ဘာလုပ်ဖို့လဲ၊ ဘာလဲ.. ကျုပ်ကိုယ်ပေါ်မှာ အခု ဝတ်ထားတဲ့မိုးကာက အသက်ရှင်တုန်းသာ အသုံးကျပြီး သေတော့ အသုံးမကျတော့လို့လား" တဲ့။
*****
တွေးခေါ်ရှင် ဆိုကရေးတီးအား ကွပ်မျက်ရန်အတွက် ခေါ်သွားသည်ကို အမျိုးသမီးတစ်ဦးက မြင်ရာ " အောင်မယ်လေး...ဒုက္ခပါပဲ၊ အပြစ်မရှိဘဲနဲ့ သတ်ကြတော့မယ်" ဟု ငိုယိုပြောဆိုသည်။
သည်တော့ ဆိုကရေးတီးက "ဘာလဲ၊ ပြစ်မှုကို တကယ်ကျူးလွန်ပြီးမှ ကျုပ်ကို သတ်စေချင်လို့လား" တဲ့။
*******
သူဌေးတစ်ဦးနှင့်အတူ ဆိုကရေးတီး ခရီးထွက်ခဲ့ရာ ထိုလမ်းတွင် လူဆိုးသူခိုးတွေ ပေါများကြောင်း သတင်းရသဖြင့် သူဌေးက " ကျုပ်ကို သူတို့ မှတ်မိသွားရင်တော့ ဒုက္ခပါပဲဗျာ" ဟု ပြောလိုက်သည်။
သည်တော့ ဆိုကရေးတီးက" ကျုပ်ကို သူတို့ မမှတ်မိမှာပဲ ကျုပ်ကတော့ စိုးတယ်ဗျာ" တဲ့။
*******
"ဆရာကြီးရဲ့ မျက်နှာပေါ်မှာ ပူပန်သောက ဖြစ်တဲ့လက္ခဏာ ဘာတစ်ခုကိုမှ မတွေ့ရတာ ဘာကြောင့်ပါလဲခင်ဗျာ" ဟု တပည့်တစ်ယောက်က ဆိုကရေးတီးအား မေးသည်။
ဆိုကရေးတီးက " ဆုံးရှုံးရလိုက်လို့ ပူဆွေးသောက ဖြစ်လောက်တဲ့အရာ ငါ့မှာ ဘာတစ်ခုမှ မရှိလို့ပေါ့ကွာ" တဲ့။
*******

Comments
Post a Comment