လူငယ်များအတွက် ဦးသန့်၏ တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း

 လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။


၁။ ရည်ရွယ်ချက်ရှိပါ


      လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။ မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။



။ သူများနှင့် မတူအောင် လုပ်ပါ


     ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။


၃။ အများ သဘောကို မလိုက်နှင့်


     အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏။ အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။ မည်သည့် ကိစ္စ၌မဆို ‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။ အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။


၄။ ပြုပြင်ရန် မကြောက်နှင့်


     လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။ အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။


၅။ မယုံလွယ်နှင့်


     မစဉ်းစားဘဲ ယုံလွယ်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဥ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။ ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မ ပြော နှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။


ဆရာကြီး ဦးစာရိန္ဒ သိမ်းထားသော ကြီးပွားရေးမဂ္ဂဇင်း (အတွဲ၊ အမှတ်နဲ့ ခုနှစ်များကို မရေးထားမိ) ထဲက ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် ရေးသည့် ”စကားငါးခွန်း” အမည်ရှိ ဆောင်းပါးကို ဘုန်းကြီး ဒိုင်ယာရီ စာအုပ်ထဲမှာ ကူးယူထားခဲ့သည်ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။


Credit to Ashin Kelasa

Comments

Popular posts from this blog

ဆိုကရေးတီး ( Socrates ) စကားအချို့

I see the sky

Self Confidence ရှိသည်သော်လည်း တခါတရံ မလွန်ဆန်နို​င်သောကြောင်းများ၊ အများနှင့်သဟဇာတဖြ​စ်အောင်နေထိုင်ဖို့လိုအပ်လာလျှင်